မင့်အိမ်ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု မငြိမ်မသက်၊ စိက်စက် မကောင်း စိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေတည့် နေထိကြွေမည့် ပန်းယဉ်အိ။ လှိုင်းအိအယောင် ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ . . . စကြောသပ်ရပ်၊ စပယ်ထပ်နှင့် ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ . . . ဝေးက မျှော်မှန်း၊ မင်းယော်ယမ်းသည် ပန်းအိနေထိ ကြွေတော့မည်။ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့် မင့်အိမ် ရွှဲစို၊ အမိုးယိုသော် မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့ အကာ အခင်း၊ ပျက်ပြိုယွင်းသော် မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့ အခွင် အနဲ့၊ အရွဲ့ အစောင်း မကောင်း မပြေ၊ ဟောင်းထွေထွေကို အခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍ လုံ့လသက်သွင်း သစ်စေမင်း ။ ။ |
ပြည်ချစ်အလှ
ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သမီးငယ်သည် ဘယ်တာဝန်ကို ယူမည်နည်း။ သူတို့ဖွားစ၊ သခင်ဘ၀တည့် ရခဲ့အောင်ဆု၊ ပြည်ထောင်စုတည့် သူ့အလံနှင့် သီချင်းနှင့်။ ကျားဆိုးမ၀င်၊ စည်းရိုးပြင်လော့ ဆင်ခြင်သတိ၊ အစောင့်ရှိလော့ ကျား၏ ပရိယာယ်၊ အလွန်ကြွယ်သည်။ အဆွယ်ကောင်းနှင့် အခြောက်နှင့်။ ကျားဆိုးမလာ၊ တားဆီးရာဝယ် ပညာလုပ်အား၊ မှန်တရားသည် ပြည့်အားစစ်စစ်၊ ပြည့်အနှစ်ဟု ပြည်ချစ်စိတ်နှင့် အမြင်နှင့် ။ ။ |
တို့တိုင်းပြည်ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ် စေတီ၊ စပါးများလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှို့းညှိုးနှင့် ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ၊ ၀မ်းမ၀၍ ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့မြေရွာဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့မြန်မာ၊ မြန်မာထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ ဘယ်သူ့စပါးလဲ ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း ။ ။ |
အိုတက်လူတို့
မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း
ပျက်ယွင်းပါပကော၊ သို့စိတ်စောလျက် ဘော . . . အို ရဲသွေး၊ တက်လူကလေးတို့ ငိုကြွေးသမှု၊ ပြုရုံမျှဖြင့် မပွင့်ဥာဏ်ရည်၊ လက်မလည်၍ မျက်ရည်သာလျှင်၊ ရွှဲလိမ့်မည်။ မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း ပျက်ယွင်းပါပကော၊ သို့စိတ်စောလျက် ဘော . . . အို ရဲသား၊ တက်လူများတို့ တရားသံဝေ၊ ယူလေရုံဖြင့် တက်ခွင်မနီး၊ ဘေးကြီးနီး၍ ပုတီးအဖတ်တင် ကျန်လိမ့်မည်။ အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့ အမြင်ကျယ်လျှင်၊ ပညာမွေ့လော့ ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး သင်လည်းတစ်ဦး၊ သားထူးသားမြတ် ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍ ငိုမြည်မတ သင်္ခါရဟု၊ စိတ်ကမစော လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို ကယ်တင်နိုင်ကြပါစေသတည်း ။ ။ |